အသံဝင်ရခြင်း အကြောင်းရင်းများ
မကြာသေးခင် ကိုဗစ်ကာလတုန်းက တော်တော်များများ အသံဝင်ခဲ့ဖူးကြမှာပေါ့နော်။ အအေးမိ၊ နှာစေးပြီး အသံဝင်သွားတာမျိုးလည်း ဖြစ်ဖူးကြမယ် ထင်ပါတယ်။ အသံဝင်ပြီး ပြန်သာကောင်းသွားတယ်၊ ဘာကြောင့်အသံဝင်မှန်း တိတိကျကျ မသိတဲ့သူက ပိုများမှာပါ။ ဒါကြောင့် အသံဝင်ရတာ ဘာ့ကြောင့်လဲဆိုတာကို ပြောပြချင်ပါတယ်။
လေပြွန် (Trachea) ရဲ့ အပေါ်ဘက်ကပ်လျက်မှာ အသံအိုး (Larynx) ရှိပါတယ်။ အသံအိုးရဲ့အတွင်းမှာ Vocal Cords လို့ခေါ်တဲ့ အသံကြိုး ရှိပါတယ်။ အသံကြိုးဟာ ကြွက်သားနဲ့ အရိုးနုကို ဖုံးအုပ်ထားတဲ့ အလွှာပါးနှစ်ခု ဖြစ်ပြီး အသံအိုးထဲကို လေတွေ ဝင်ရောက်လာတဲ့အချိန်မှာ အသံကြိုးက ဖွင့်လိုက်ပိတ်လိုက်လုပ်တဲ့ လှုပ်ရှားမှုနဲ့ တုန်ခါမှုကနေ အသံကို ဖြစ်ပေါ်စေပါတယိ။
အသံဝင်တာဟာ အသံအိုးရောင်ရမ်းတာကြောင့် ဖြစ်တာပါ။ ရောင်ရမ်းနေတဲ့ အသံအိုးကို လေတွေက ထိတွေတဲ့အခါ အက်ကွဲနေတဲ့ အသံကြီး ဖြစ်လာတာကို အသံဝင်တယ်လို့ ပြောကြတာပါ။
အသံအိုးရောင်ရမ်းတာက ယာယီပြင်းထန် ရောင်ရမ်းတာ ဖြစ်နိုင်သလို နာတာရှည် ရောင်ရမ်းတာလည်း ဖြစ်နိုင်ပါတယ်။
ယာယီပြင်းထန် ရောင်ရမ်းရတဲ့ အကြောင်းရင်းများ
- ဗိုင်းရပ်စ်ပိုးတွေကြောင့် ရောင်တာ (တုပ်ကွေးဗိုင်းရပ်စ်၊ ကိုဗစ်ဗိုင်းရပ်စသည်)
- ဘက်တီးရီးယားပိုးကြောင့် ရောင်တာ
- အသံကုန်ဟစ်တာ သို့မဟုတ် အသံကို အလွန်အကျွံ အသုံးပြုရတာကြောင့် ရောင်တာ တွေက ယာယီပြင်းထန် အသံအိုးရောင်ရမ်းရသည့် အကြောင်းရင်းတွေပါ။
နာတာရှည် ရောင်ရမ်းရသည့် အကြောင်းရင်းများ
- ဆေးလိပ်မီးခိုးငွေ့တွေ၊ ဓာတ်မတည့်တဲ့ ဓာတုပစ္စည်းနံ့တွေနဲ့ ဖုန်မှုန့် ရှူမိသူတွေ
- GERD စားချင့်ပြန် ရောဂါရှိသူတွေ
- ထိပ်ကပ်နာရှိသူတွေ
- အသံကို အသုံးပြုရတဲ့ အသက်မွေးဝမ်းကျောင်းလုပ်သူတွေ (အဆိုတော်စသည်)
- အရက်အလွန်အကျွံသောက်သူတွေ
- အသံအိုးနဲ့ အနီးတဝိုက် ကင်ဆာရောဂါ ဖြစ်နေသူတွေ
- ခွဲစိတ်တာ၊ ထိခိုက်ဒဏ်ရာ ရတာမျိုးကြောင့် အသံကြိုးကို ထောက်ပံ့နေတဲ့ အာရုံကြောထိခိုက်ပျက်စီးသွားသူတွေမှာ နာတာရှည် အသံအိုးရောင်ရမ်းပြီး အသံဝင်နိုင်ပါတယ်။
ရောဂါလက္ခဏာအနေနဲ့…
- အသံဝင်တာ၊ အသံတိမ်တာ၊ အသံက အက်ကွဲနေတာ
- ချောင်းခြောက်ဆိုးတာ
- လည်ချောင်းထဲမှာ ထုံတုံတုံ ရှတတကြီး ဖြစ်နေတာ
- လည်ချောင်းနာတာ၊ လည်ချောင်းထဲမှာ ခြောက်ကပ်နေတာမျိုး ခံစားရနိုင်ပါတယ်။
တကယ်လို့ အသက်ရှူရခက်လာမယ်၊ မောကြပ်လာမယ်၊ ချောင်းဆိုးရင် သွေးပါလာမယ်၊ သွားရည်တွေ ကျနေမယ်၊ အသက်ရှူရင် ရွှီရွှီသံကြီးမြည်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။
ဘယ်လို ကုသမလဲ?
- အသံကို အနားပေးတာ (စကားမပြောတာ) ၊ ရေများများသောက်တာနဲ့ လေထုကို စိုစွတ်အောင် လုပ်ဖို့ (Humidifier ရေငွေ့စက်နဲ့ ပေးလို့ရပါတယ်) က အရေးအကြီးဆုံးပါ။
- ဘက်တီးရီးယားကြောင့် ဖြစ်ရင် ပိုးသတ်ဆေး သောက်တာ၊ ထိုးတာ လုပ်ရပါမယ် (ဆရာဝန် ညွှန်ကြားချက် လိုအပ်ပါတယ်)
- အနာသက်သာတဲ့ဆေး (ပါရာစီတမောလ်၊ NSAIDs စသည်) သောက်လို့ ရပါတယ်။
- ရောင်ရမ်းတာ သက်သာစေဖို့ လိုအပ်ရင် ဆရာဝန်က corticosteroids ပါတဲ့ဆေး ညွှန်ကြားပါလိမ့်မယ်။
- ကင်ဆာကြောင့် ဖြစ်တာ၊ GERD ကြောင့် ဖြစ်တာ၊ ထိပ်ကပ်နာကြောင့် ဖြစ်တာမျိုးဆိုရင်တော့ အကြောင်းရင်းကို ကုသမှသာ အသံဝင်တာက သက်သာနိုင်မှာပါ။
အသံမဝင်အောင် ကာကွယ်နိုင်ဖို့…
- ရေများများ သောက်ပါ။
- အရက်နဲ့ ဆေးလိပ်ဖြတ်ပါ။
- GERD ရောဂါရှိရင် အပူအစပ်တွေ ရှောင်ပါ (အပူအစပ်တွေက အစာအိမ်ထဲမှာ အက်ဆစ်တွေ များစေပါတယ်။
- ကျန်းမာရေးနဲ့ညီတဲ့ အသီးအရွက်တွေ များများစားပါ။
- လည်ချောင်းဟပ်ပြီး သလိပ်ရှင်းတဲ့ အလေ့အကျင့် မလုပ်ပါနဲ့ (အဲဒီလို လုပ်တာက အသံကြိုးကို နှိုးဆွသလိုဖြစ်ပြီး ရောင်ရမ်းစေမှာပါ။
အခုဆိုရင် အသံဝင်ရတဲ့ အကြောင်းတွေကို သိလောက်ပြီ ထင်ပါတယ်။ ကံမကောင်း အကြောင်းမလှလို့ အသံဝင်တာ ဖြစ်ခဲ့ရင်လည်း အကြောင်းရင်းကို သိပြီး အမြန်ဆုံးသက်သာနိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်